ဘာဘာ အာဒမ် (AS) နှင့် အမာ ဟဝါ (AS)
Apr 30, 2009
ကမ္ဘာကနဦးစက အလ္လာအသျှင်မြတ် ဖန်ဆင်းတော်မူခဲ့တဲ့ ပထမဦးဆုံးသော အဖန်ဆင်းခံ အာဒမ် နှင့် ဟဝါ အကြောင်း သိရှိပြီး ဖြစ်ကြမှာပါ။ အတိုချုံးရရင်ဖြင့် ...
ရှိုင်သွာန်ရဲ့ လှည့်စားမှုကြောင့် အလ္လာအသျှင်မြတ် အမိန့် တော်ကို ချိုးဖောက်မိခဲ့ကြတယ်။ မိမိတို့ ရဲ့ အပြစ်တွေကို ခွင့်လွှတ်ဖို့  အလ္လာအသျှင်ထံတော်မှာ အသနားခံတဲ့အခါ အလွန်တရာမှ သနားညှာတာတော်မူသော အသျှင်က သူတို့ ရဲ့ အကုသိုလ်တွေကို ချေဖျက်ပေးတော်မူပြီး ခွင့်လွှတ်တော်မူခဲ့တယ်။ သို့ ပေမယ့် အလ္လာအသျှင်မြတ် ဖန်ဆင်းပေးသနားထားတဲ့ ဥယျာဉ်ကြီးထဲမှာ ဆက်လက်နေထိုင်ခွင့် မရကြတော့ဘူး။
အလ္လာ့အမိန့် တော်ကြောင့် သူတို့ ဟာ ကမ္ဘာမြေကြီးပေါ် ဆင်းသက် နေထိုင် ခဲ့ကြရတယ်။ အလ္လာ အမိန့် တော်ကို ဖီလာခဲ့တဲ့အတွက် ဥယျာဉ်ကြီးထဲမှာ မကြောင့်မကျ မပူမပင် အစားအသောက် အလျှံပယ်နဲ့  နေထိုင်ရတဲ့ဘဝကို စွန့် လွှတ်ခဲ့ရပြီး၊ ကမ္ဘာမြေကြီးပေါ်မှာ ပင်ပင်ပန်းပန်း ဘဝကို ဖြတ်သန်းခဲ့ကြရတယ်။
ဒါကြောင့် ဘာဘာ အာဒမ်နှင့် အမာ ဟဝါ မှစ၍ ယနေ့ ထိတိုင်အောင် ပေါက်ဖွားလာတဲ့ ခုနစ်ရက်သားသမီး အပေါင်းဟာ အလ္လာအသျှင်မြတ်ကို ယုံကြည်ဖို့ ၊ အလ္လာချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို လိုက်နာဖို့  လိုအပ်ပါတယ်။ အလ္လာအသျှင်ကို ယုံကြည်သူနှင့် သက်ဝင်စွာ ကိုးကွယ်သူအပေါင်းဟာ တစ်နေ့ မှာ အလွန်တရာမှ လှပကြည်နူးဖို့ ကောင်းတဲ့ ဂျန္နသ်ရဲ့ ဥယျာဉ်ကြီးထဲ မုချဧကန် ထာဝရနေထိုင်သွားနိုင်ခွင့် ချီးမြှင့်တော်မူခံရမှာပါ။
(ကျွန်မ အစ္စလာမ်ဘာသာ အကြောင်း လေ့လာသင်ယူခဲ့ရတဲ့ ကျောင်းစာအုပ်မှတဆင့် အဆင်ပြေသလို ဘာသာပြန်ထားခြင်းပါ။ အစကနဦးပြီးရင် နောက်ပိုင်းမှာ တမန်တော်မြတ်များအကြောင်း အလျဉ်းသင့်သလို ဖော်ပြသွားပါမယ်။)
ကျွန်မ ငယ်ငယ်တုန်းက အမေက သင်ပေးဖူးပါတယ်။ အလ္လာ့အမိန့် တော် ခံယူပြီးနောက် စစ်ဆေးမေးမြန်းခံရတဲ့အခါ မိခင် ဖခင် ဘယ်သူလဲလို့  မေးရင် ဦး(......) နှင့် ဒေါ် (.......) တို့ ရဲ့ သမီးပါလို့  ဖြေလို့ မရဘူး ဆိုပါတယ်။ ခုနစ်ရက်သားသမီးရဲ့ မိခင် ဖခင်ဟာ ဘာဘာ အာဒမ်နှင့် အမာ ဟဝါ သာဖြစ်တယ်လို့ သင်ပေးခဲ့ပါတယ်။ သိပ်နားမလည်သေးခင်က ခေါင်းကုတ်နေခဲ့တာပါပဲ။ အမေ့ကို ကြောက်ရလို့  အထွန့် မတက်ရဲပါဘူး။
သည်ကနေ့ အထက်က စာတွေ သင်ယူလေ့လာပြီးချိန်မှာ ကျွန်မ နားလည်သင့်သလောက် နားလည်ခဲ့ပါပြီ။ နားလည်တဲ့အလျောက် လေ့လာလိုက်စားဖို့ သာ အားခဲထားရင်း သိထားတာလေးတွေ ဝေမျှလိုက်ပါတယ်။ မှားနေတာရှိရင်လည်း လွတ်လပ်စွာ ဝေဖန်နိုင်ပါတယ်။ အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။