သိချင်လျင် ဖတ်ကြည့်ပါ

May 1, 2009
ရေးသားခဲ့သူမှာ Anonymous

စိတ်ဝင်စားသူ တစ်ယောက်က လာမေးသွားလို့  ဖြေပါတယ်။ မအားလပ်တာကြောင့် ခုမှ ဖြေဖြစ်တာကို နားလည်ပေးပါရှင်။ ကျွန်မ ဖိုရမ် တော်တော်များများကို လေ့လာဖူးပါတယ်။ အထူးသဖြင့် ဘာသာရေး ကဏ္ဍတွေကိုပါ။ စိတ်ဝင်စားသူ မေးသွားတဲ့ မေးခွန်းက ကျွန်မ Y ဖိုရမ်မှာ တင်ဖူးတာမို့  ပြန်သွားရှာပြီး လိုအပ်တာတွေ ပြုပြင် ဒီမှာ တင်လိုက်ပါတယ်။ ဖတ်ရှု့ ကြည့်ပါဦး။

အရင်ဦးဆုံး ဘာသာခြားများ သိထားတဲ့ လည်လှီးသားဆိုတာကို အစ္စလာမ်လို ဟလလ် (ဟလာ) ... လည်လှီးသားမဟုတ်တာကို ဟရမ် လို့  ခေါ်ကြောင်း သိထားသင့်ပါတယ်။

ဟလလ် (ဟလာ) ဆိုတာ အလွယ်ကူဆုံးရှင်းပြရရင် အစ္စလာမ့်တရားဥပဒေအရ ခွင့်ပြုထားသည် လို့ အဓိပ္ပါယ် ရပါတယ်။ ဟရမ် ဆိုတာကတော့ အထက်ပါစာကြောင်းရဲ့ ဆန့် ကျင်ဘက် အနက်အဓိပ္ပါယ်ပါ။ (အစ္စလာမ်ဘာသာဝင် ညီကိုမောင်နှမများရှင် ... ဒီထက်ပိုလေးနက်တဲ့ အဓိပ္ပါယ်သိရင် ဖြည့်စွက်နိုင်ပါတယ် .. ပြုပြင်ပေးနိုင်ပါတယ်)

ဟလလ် မဟုတ်သော အစားအသောက်အား မွတ်ဆလင် အပေါင်း ရှောင်ကျဉ်ရခြင်း၏ အကြောင်းရင်း

အစ္စလာမ့်တရားတော်အရ ဟလလ်မလုပ်ထားသော အသားစားသုံးခြင်းကို တားမြစ်ထားရတဲ့အကြောင်းရင်းကတော့ သွေး ကြောင့်ပါ။ ဟလလ် လုပ်တဲ့အခါ ထို တိရိစ္ဆာန်ရဲ့ ခန္ဓာကိုယ်တွင်းရှိ သွေးတွေကို ဖြစ်နိုင်ရင် ကုန်စင်အောင် ထုတ်ပစ်ဖို့  ကျွန်မတို့ ရဲ့ တရားတော်မှာ ပါရှိပါတယ်။ အဲဒီလို သွေးတွေကို ထုတ်မပစ်ဘူးဆိုရင် ထိုသွေးတွေထဲမှာ ရှိနေတဲ့ ကျွန်မတို့  မမြင်ရတဲ့ ရောဂါပိုးတွေဟာ စားသုံးသူရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်မလာနိုင်ဘူး လို့ မပြောနိုင်ပါဘူး။

"ဒါဟာ အဓိပ္ပါယ်မရှိဘူး ... လက်ခံနိုင်စရာ အကြောင်းမရှိဘူး ...ဟလလ်မလုပ်လဲ သွေးဆိုတာရေဆေးချလိုက်ရင် စင်သွားမှာပဲ ... ရေဆေးလို့ မစင်ရင်တောင် ချက်ပြုတ်တဲ့အခါ အပူနဲ့ ထိရင် ထိုသွေးထဲက ရောဂါပိုးတွေဟာ သေသွားမှာပဲ "

ထိုကဲ့သို့ ဆိုလာခဲ့ရင် ရောဂါပိုးမွှားအချို့ ဟာ အပူနဲ့ ထိလို့  မသေတဲ့အပြင် ပိုမိုပြီး အဆိပ်အတောက် ဖြစ်လာလေ့ရှိတဲ့ ဘက်တီးရီးယား တွေရှိပါတယ်။ အပူပေးတာတောင်မှ မသေရင် ရေဆေးချလိုက်မယ်ဆိုတဲ့စကား ရှင်းပြစရာတောင် မလိုတော့ဘူးလို့ ထင်ပါတယ်။

ကျွန်မဟာ ရောဂါရှာဖွေရေးဘက်က မဟုတ်တဲ့ အပြင် ဆရာဝန်တစ်ယောက်လည်း မဟုတ်တာကြောင့် ရောဂါပိုးမွှားနဲ့ ပတ်သတ်လို့  ဘာသာရေးအရပဲ ရှင်းပြနိုင်ပါတယ်။ ဆေးပညာအရတော့ ရှင်းပြဖို့ ရာ ကျွန်မအတွက် အခက်အခဲရှိပါတယ် (း

ကျွန်မတွေ့ မြင် ဖတ်ဖူးသလောက်ကတော့ မွတ်ဆလင်တွေ ဟလလ်လုပ်တဲ့ ကိစ္စကို တော်တော်လေး ရှုံချကြပါတယ်။ ဥပမာ ... ကြက်တစ်ကောင်ကို ဟလလ်လုပ်တယ် ဆိုကြပါစို့  ... မှန်ပါတယ် ထိုကြက်ရဲ့ လည်ပင်းကနေ သွေးတစ်တောက်တောက် ကျနေတာဟာ မြင်ရသူအဖို့  စိတ်မချမ်းမြေ့ဘွယ် ... ရက်စက်တယ် လို့ ထင်မြင်ရပါတယ်။

ဒါဆို ကုန်တိုက်ပေါ်မှာ ပလတ်စတစ်အိတ်လှလှလေးနဲ့  ထုပ်ပိုးထားတဲ့ ဟလလ်မဟုတ်တဲ့ ကြက်သားကရော သတ်ထားတာ မဟုတ်ဘူးလား ... လျပ်စစ်ဓာတ် အသုံးပြုပြီး သတ်ထားတာလား ... လေသေနတ်နဲ့  ပစ်သတ်ထားတာလား ... ရိုက်သတ်ကြတာလား ... ဘယ်ပုံဘယ်နည်းနဲ့  သတ်ကြသလဲ။ အထက်ပါနည်းတွေကို အသုံးပြုလို့  မသေမရှင် အသက်ငင်နေတာထက် စာရင် ဟလလ် လုပ်လိုက် ခြင်းအားဖြင့် အချိန်တိုအတွင်းမှာ နာကျင်မှုပြီးဆုံးသွားမယ့်အပြင် ... ကျန်းမာရေးအရလည်း ညီညွတ်ပါတယ်။ မွေးကတည်းက ဟလလ် သားပဲ စားလာတာမို့ လို့  မွတ်ဆလင် မဟုတ်တဲ့သူတွေ တိရိစ္ဆာန်ကို ဘယ်လိုသတ်ပြီး စားသလဲ ကျွန်မသိချင်ပါသေးတယ်။

ခုတော့ ဒီလောက်ပါပဲရှင်။ လာရောက် ဆွေးနွေးတဲ့ စိတ်ဝင်စားသူ ကို အထူးပဲ ကျေးဇူးတင်ပါတယ်။